Sunrays

Blogger Template by ThemeLib.com

ရင်ဘတ်ပွင့်ထွတ်နေသူ တစ်ယောက်ရဲ့ နေ၀င်နေထွတ်ရာသီ

Published by ဗညားရှိန် under on Wednesday, February 10, 2010
.
ဖြူစင်တဲ့ နှလုံးသားက
မုသာဝါဒ လှိုင်းတွေကို မတွန်းလှန်နိုင်တော့
ကမ်းပါးပြိုမှ ရင်ဘတ် လှိုက်စားခံရမှန်း သိလိုက်ရတယ်
လိမ်ညာမှုကောင်းကင်အောက်မှာ အရိပ်ခိုမိခဲ့တဲ့ ... ငါ
မနေတတ်တဲ့ မနက်တွေအတွက်
တချို့  တ၀က်တော့ ပေးဆပ်လိုက်ရပြီ .. . . . . . . . .     ( ညရဲ့ကောင်းကင် )

ရှိန်းခနဲ . . . . . . . .
နာကျင်မှုတွေ  ရင်ဘတ်ရှေ့က ဖြတ်ပြေးသွားတယ်
တဆတ်ဆတ် ခုန်လာတဲ့ အသားတွေ
မာနကို ခေါင်းပုတ်နိုး
အချစ်ဆိုတာ ရေရောက်သောက်တတ်တဲ့
နမ်မီးဆစ် နတ်သမီးရဲ့မာယာနဲ့
ငါ့ရင်ဘတ်ကို မင်း အခါးရောင် ဆိုးခဲ့တယ် . . . . . . . .    ( ဗညားရှိန် )

ထားခဲ့စမ်းပါ . . . .
သစ္စာမဲ့ပန်းတွေ ကြွေလာရင်တောင်မကောက်ဘူး
ငါမာနနဲ့ နေရောင်အောက်မှာ
အခေါက်ခေါက်တောက်လောင်လာတာ
နေဆယ်စင်းထွက်စေအုန်း
ငါ့ ရင်ဘတ်ပျိုကို မယိမ်းစေတော့ဘူး  . . . . . . . . . . . .  ( ညရဲ့ကောင်းကင် )

ငါမသိလိုက်တဲ့ ဗျုဟာအခင်းအကျင်းနဲ့
တံပိုးမမှုတ်ပဲ မင်း စတိုက်ခဲ့တဲ့ စစ်ပွဲ
ငါဟာ ရှုံးနိမ့်သူတစ်ယောက်ဖြစ်ခဲ့ရင်တောင်
အောင်မြင်စွာနဲ့ပဲ ဆုတ်ခွါမယ် . . .
သုံ့ ပန်း တော့ မဖြစ်စေရဘူး ဧကရီ . . . . . . . . . . . . . . ( ဗညားရှိန် )

ငါ့... ဘ၀ရဲ့ နေ၀င်နေထွက်တွေမှာ
ရင်ခွင်တွေ ထပ်မပျက်ရအောင်
အသည်းနှလုံးကို စကာတင်လို့
ရာသီတွေ ရပ်တန့်ပစ်မယ်
မာယာတံခါးဝမှာလည်း
ကာဘာတွေ အထပ်ထပ်ဝတ်လို့ပေါ့  . . . . . . . . . . . . . ( ညရဲ့ကောင်းကင် )

အသည်းမရှိတော့တဲ့ ညရဲ့ကောင်းကင်     
အလွမ်းသေသွားတဲ့ နတ်ဆိုးပုရပိုဒ်
ထုတ်ချင်းပေါက်နေတဲ့ ရင်ဘတ်တွေနဲ့
နှင်းခေတ်မှာ ကြွေသွားတဲ့ အနာဂတ်တွေအောက်
ငါ့တို့နေ့ရက်တွေ မပီမသ ရိတ်သိမ်းခံလိုက်ရတယ် . . . . . . ( ဗညားရှိန် )
.

". . ရူး . . "

Published by ဗညားရှိန် under on Friday, February 05, 2010
.
ညတွေ . . . တိတ်ဆိတ်သံတွေ . . .
ငါ့အိမ်မက်တွေ . . . .
အရာရာဟာ ညှင်ညှင်သာသာ လောင်ကျွမ်းနေရုံလေး . . . .
 

ယိမ်းသွားတဲ့ စွယ်တော်ရွတ်တစ်ခြမ်း . .
ကပိုကရို မျက်နှာလေးနဲ့
ငါ့အရှေ့မှာ မင်းထပ်ရှိုက်ပြဦးမယ် ထင်ပါရဲ့ . . . . .
 
ဧကရီ . . .
ရင်ဘတ်တစ်ခြမ်းမှာ မင်းနှက်ခဲ့တာ . . .
အလွမ်းရောင်  ခပ်ပါးပါးလေးပါ
ဒါပေမဲ့ . . . . . .
အဆိပ်တော့ ပြင်းတယ်
ငါ့စိတ်နဲ့ ငါ့ကိုယ်
ငါမသိပဲ စကားပြန်ပြောနေတယ် . . . . . .

ကြေကွဲပြီးသားပါ . . .
တစ်ဘ၀လုံးစာ နာကျင်သံတွေ
အစိမ်းရောင် မာယာသံတွေ
ရက်စွဲတွေနဲ့ အတိတ်ပန်ချီကားတွေ
နှုတ်ဆက်သံမကြားရတဲ့ နောက်ဆုံးအိမ်မက်တွေ
ဒီလိုနဲ့ . . . . . . ဒီလိုနဲ့ . . . . . . .
ငါ့ညတွေ ယဉ်ယဉ်လေးနဲ့ ရူးနေခဲ့တယ် . . . . .

ဗညားရှိန် ( 6.2.10 , 11း20 PM )

ကျောခိုင်းလိုက်ပါတော့ ကြယ်လေးရယ် . . . . .

Published by ဗညားရှိန် under on Monday, January 25, 2010
.




ထားရစ်ခဲ့တော့ ကြယ်လေးရယ် . . . . .

မပွင့်တပွင့် အလင်းဖြောက်ဖြောက်ငြို့ချက်နဲ့
ငါ့အိမ်မက်ကြယ်တာရာမှာ
တစ်ပွင့်တည်း တောက်ပအောင်
မင်းငြို့ထားနိုင်ခဲ့ပြီပဲ . . . . .

သွားပါတော့ ကြယ်လေးရယ် . . . . .

ချစ်တယ် လွမ်းတယ် ဆိုတဲ့ စကားလုံး အသင်္ချေနဲ့
ငါ့ အိမ်မက်ကြယ်တာယာမှာ
စံပယ် နက္ခတ်တွေ ဖြတ်ဖောက်စီးဆင်း
ရနံ့တွေ နှင်းလိုဝေအောင် မင်း ခြွေခဲ့ပြီးပဲ . . . . .

နှုတ်ဆက်ကြရအောင် ကြယ်လေးရယ် . . . . . .


ငါ့အိမ်မက်တွေနဲ့ ငါ ရူးသွပ်ချိန်မှ
သစ္စာဆိုတဲ့ စကားလုံး
မင်းရင်ဘတ်မှာ ရာသီစက်ဝန်း
တစ်ပတ်ပြည့်အောင် မပွင့်ခဲ့ဘူး . . . . .

လွမ်းတယ်ဆိုတဲ့ စကားလုံး
မင်းနှုတ်က အကြိမ်ကြိမ်ပြောနေပေမဲ့
မင်းစိတ်က လေယူရာတိမ်း ယိမ်းနေခဲ့ပြီးပဲ . . . . .
နီးစပ်တဲ့ သာယာမှု မင်း မက်မောနေခဲ့ပြီးပဲ . . . . .

ကျောခိုင်းလိုက်ပါတော့ ကြယ်လေးရယ် . . . . .

ငါ့ကို စကားလုံးတွေနဲ့ ထပ်မလှည့်စားပါနဲ့တော့ . . .
မျက်ရည်တွေနဲ့ ထပ်မလှည့်စားပါနဲ့တော့ . . .

နောက်ဆုံးတော့
တည်းတည်းလေးကျန်တဲ့ ငါ့ရင်ခွင်ဝင်ရိုး
မင်းရိုက်ချိုးသွားခဲ့ပြီပဲ

မင်းရိုက်ချိုးသွားခဲ့ပြီးပဲ . . . . . .


ဗညားရှိန် ( 25.1.10 , 1:31 PM )

အမေ့ခြေရင်း ထာဝရ ဦးချကန်တော့ပါရစေ

Published by ဗညားရှိန် under on Saturday, January 09, 2010



 

လွယ်လွယ်နဲ့ ဖွားခဲ့တာ မဟုတ်ဘူး
ကိုးလလွယ် ဆယ်လပျိုး
သွေးသံတရဲရဲကြားမှာ
မျက်ရည်ပေါက်ပေါက်နဲ့
အံကြိတ်ပြီး မွေးပေးခဲ့တဲ့ အမေ . . . . .

လောကဓံကို ထုပေဒဏ်ပေခံနိုင်အောင်
လက်တွဲပြီး သင်ခဲ့ပေးတဲ့ အမေ . .
သားသမီးတွေရဲ့ ရှေ့မှာ မားမားရပ်
လာသမျှ ဒုက္ခပေါင်းသောင်းခြောက်ထောင်ကို
အိုနွမ်းတဲ့ ရင်တစ်စုံနဲ့  စီးခံ ပေးခဲ့တဲ့ အမေ . .
အချဉ်ရည်ဟင်းကောင်းတစ်ခွက်ကို
သားတွေအတွက် ချပေးလို့
နောက်ဖေးပေါက်မှာ ဗရာကြော်တစ်ခြမ်း
ထမင်းကြမ်း ဆားဖြူးပြီးစားခဲ့တဲ့ အမေ
အဲဒီပုံရိပ်တွေ
အဲဒီမျက်ရည်စက်တွေ
ကျွန်တော့်ရင်မှာ ခုထိ မခမ်းသေးဘူးအမေ . . . . . .

“ သား ” လို့  . .
တစ်ခွန်းခေါ်လိုက်တဲ့ အမေ့ရဲ့အသံ . . .
နားထဲရောက်လာတာနဲ့
ခါးတယ် ဆိုတဲ့ လောကဓံကိုတောင်
ကျွန်တော် ဒူးနဲ့ တက်တိုက်ဝံ့တယ် အမေ . . . . . .

လောကဋီကာကို အဖွင့်စာမျက်နှာကအစ
နိဂုံးအဆုံးအထိ ရင်ဆိုင်သင်ပြ
ကျွန်တော့်အသွားတွေ မြ နေအောင်
သွေးပေးလိုက်တဲ့အမေ . . .
အခု အမေလွှတ်လိုက်တဲ့ ရာဇ၀င်တိုက်ပွဲ
လင်းလက်လျှံငြီးနေတဲ့ ကျွန်တော့်ဓားနဲ့
အမေ့အတွက် မော်ကွန်းထိုးခဲ့မှာပါ . . . . . .

အဝေးရောက်နေတဲ့ အမေ့သား
အမေကြော်ပေးတဲ့ ပဲပြုတ်ထမင်းဆီစမ်း
အမေလုပ်ပေးတဲ့ ငါးခြောက်ကြော်
အမေချက်ပေးတဲ့ ကန်စွန်းရွတ်အချဉ်ရည်ဟင်း
အခမ်းခမ်း အနားနား ပြင်ဆင်ထားတဲ့
အနောက်တိုင်းပီဇာတွေ မြင်တိုင်း
တမ်းတ သတိရတယ်အမေ . . . . . .

ကံကြမ္မာဆိုတာ မှောက်တစ်ခါ လှန်တစ်လှည့်ပါ
ကျွန်တော်တို့ဘ၀ ပေဖြစ်ခဲ့ပြီးပြီးပဲ အမေ
တူဖြစ်တဲ့ အလှည့် လောကကြီးအလယ်
ရင်ကော့ မော်ကြွားလိုက်စမ်းပါ  အမေ . . . . . .

အမေ့ ပါးရေတွေ တွန့်ကြေနေခဲ့ပြီး
အမေ့လက်တွေ ကြမ်းရှရင့်ထော်နေခဲ့ပြီး
အမေရုပ်ရည်တွေ အရမ်းအိုစားသွားခဲ့ပြီး 
သားသမီးတွေအတွက် သူတစ်ပါးတံတွေးခွက်
ပက်လက်မမျှောရုံတမယ် ခံစားခဲ့ရတဲ့ အမေ
အဲဒီ ကျေးဇူးတွေနဲ့ အမေ့ခြေရင်း
ကျွန်တော်ထာဝရ ဦးချကန်တော့ပါရစေ အမေ . . . . . . .

ဗညားရှိန် . . . ( 26.12.09 , 10:01 AM )
~ ကောင်းကင်များ၏  အတ္ထုပ္ပတ္တိ ၂၀၁၀ ~


 

ကျွန်တော် ခင်မင်မြတ်နိုးခဲ့သော ဣတ္ထိယများ

Published by ဗညားရှိန် under on Thursday, January 07, 2010
.

ပြီးခဲ့တဲ့ ၂၀၀၉ မှာ ကျွန်တော် ခင်မင်ခဲ့ရတဲ့ သူငယ်ချင်းတွေ အပေါင်းအသင်းတွေ အများကြီး ရှိခဲ့ ပါတယ် ။ အဲဒီထဲမှာမှ ကျွန်တော့်စိတ်ကို ရင်းနှီးချစ်ခင်မြတ်နိုးခဲ့သော မိန်းမသားတွေက သိပ်မများခဲ့ဘူး ။ ငါးယောက်ပဲ ရှိခဲ့တယ်ဗျ . . . နေ့ တော်တော် များများ သူတို့နဲ့ပဲ ပြောဆို ခင်မင်ခဲ့တယ် . . . . အဲဒီ ငါးယောက်ကို ကျွန်တော်ပြောပြသွားမယ် သူတို့ကို ကျွန်တော် ခင်မင်ချစ်မြတ်နိုးခဲ့ရတဲ့ အကြောင်းပေါ့ . . .


ချစ်သော မေမေ . . . .

ပထမဆုံးက ကျွန်တော့် မိတာမိခင်ပါ . . . အမေဟာ ကျွန်တော့်ဘ၀ရဲ့ ပဲ့ကိုင် ဖြစ်သလို ကျွန်တော် ဘ၀ လမ်းညွန်လဲ ဖြစ်ခဲ့တယ် . . . ကျွန်တော် ၁၀ တန်းအောင်ပြီး အဝေးသင်နဲ့ ကျောင်းတက်ရင်း စီပွါးရေး အလုပ်ထဲ ၀င်ခဲ့ပါတယ် . . . အဲဒီမှာ အမေဟာ ကျွန်တော်ကို လက်တွဲပြီး စီးပွါးရေး ပညာတွေ သင်ပေးခဲ့ သလို လူ့လောကရဲ့ ဖြစ်တတ်တဲ့ လောကဓံ ပုံစံ အမျိုးမျိုးကိုလဲ လက်တွဲ သင်ကြားပေး ခဲ့သူပါ ။ကျွန်တော် ဒီပြည်ပကို ရောက်လာတာလဲ အမေ့ကျေးဇူးကြောင့်ပါပဲ . . . . ကျွန်တော် အမေရိကန် ဗီဇာကို အစက လျှောက်ရကောင်းမှန်းမသိဘူးဗျ အတိအကျပြောရရင် သိကိုမသိခဲ့တာ . . . တစ်နေ့ အမေက သား အဲဒါသွားလျှောက်ကြည့် ရလာတော့လဲ ကိုယ့်အတွက် အရှုံးမရှိဘူးဆိုလို့ ကျွန်တော် ၀င်လျှောက်ဖြစ်ခဲ့တာ . . . လျှောက်ထားပြီး မေ့တောင်မေ့နေတယ် . . . ဗီဇာ ၀င်ဖို့ ကျလာမှပဲ ကိုယ်လျှောက်ထား မှန်း ကိုယ်သတိပြန်ရတာလေ . . . အခုတော့ အမေ့ကျေးဇူးကြောင့် ကျွန်တော် ပြည်ပမှာ အလုပ်လုပ်နိုင်ခဲ့ပြီ . . . . အမေဟာ ကျွန်တော့်ဘ၀ရဲ့ လမ်းညွန်တစ်ဦးပါပဲ အခု ထက်တိုင် အချို့ကိစ္စတွေ အမေ့ကို တိုင်ပင် နေရတုန်းပါပဲ . . . . . . . အမေဟာ ကျွန်တော့်ဘ၀ထဲက တန်ဖိုးအထားရဆုံးတော့ မာတာမိခင် မိန်းမသား တစ်ဦးပါပဲ . . . . .


ချစ်သော ငယ် . . . .

ကျွန်တော့ ပထမဦးဆုံးသော ချစ်သူဦးပါ . . . . ကျွန်တော်ထက် ၄ နှစ် ၃လ နဲ့ ၉ ရက် ငယ်တယ်ဗျ . . . . . ကျွန်တော့်အပေါ် တစ်ခါတစ်လေ အရမ်း အလိုက် သိတတ်သလို တစ်ခါတစ်လေလဲ အရမ်းဆိုး ပါတယ် ။ သူလည်း နယ်က ဖြစ်သလို ကျွန်တော်လဲ နယ်က တက်လာသူတစ်ဦးပါ . . . . ရန်ကုန်မှာ သူကျောင်းလာ တက်ရင်း ကျွန်တော်နဲ့ ဆုံခဲ့တာပါ . . . . အဲဒီကောင်မလေး တော်တော်ဆိုးတယ် တစ်ခါတစ်လေ ကျွန်တော် ကို အရမ်းနှိပ်စက်တယ်ဗျာ နိုင်ငံခြားရောက်နေတဲ့ ချစ်သူကိုတောင် ညည အိပ်မရအောင် နှိပ်စက်တယ် . . . သူလုပ်လို့ ကျွန်တော် အိပ်မရတဲ့ ညတွေ ကော်ဖီနဲ့ နှစ်ပါးသွားခဲ့ရတာ မနည်းဘူး . . . ဟုတ်တယ် တကယ် ပြောတာ ညဘက် အိပ်မယ်လုပ်လိုက် သူလာပြီး မျက်လုံးထဲမှာ ရီပြသွားလိုက် မဲ့ပြသွားလိုက်နဲ့ တကယ်ပါ တကယ်ပါ . . . . သူလုပ်လို့ ကျွန်တော်ရူးရပေါင်းများပြီး . . . . . ခုတော့ သူကိုမတွေ့ရတာ တော်တော်ကြာ
သွားပြီး သူလဲ မအား ကျွန်တော်လဲ မအား ဆိုတော့ တွေ့ရနည်းသွားတယ် . . . ဖုန်းဆက်မှတွေ့ရတယ် သူနဲ့ . . . . ကျွန်တော်လဲ ပြည်ပကဆိုတော့ ဖုန်းဆက်ရ ခက်တယ်ဗျ . . . . ခုဆို သူနဲ့ ကျွန်တော် ချစ်သူဖြစ်တာ တစ်နှစ်ခွဲလောက်တောင်ရှိတော့မယ် . . . . ကျွန်တော်သူ့ကို အရမ်းချစ်ခဲ့တယ် . . အရမ်းချစ်ခဲ့သလို အရမ်းလဲ သ၀န်တိုခဲ့တယ်ဗျာ . . . ဒါကြောင့် တစ်ခါတစ်လေ သူ ကျွန်တော်ကြောင့် စိတ်ညစ်ရတယ် . . . အဲဒီအခါကျ ကျွန်တော်သူ့ကို ပြန်သနားမိတယ် . . . ဒါပေမဲ့ မတတ်နိုင်ဘူးဗျာ . . . ကျွန်တော်ရေးခဲ့တဲ့ ကဗျာလိုပေါ့ " ရယူပိုင်ဆိုင်လိုတဲ့ စိတ်တွေ ခေါက်သိမ်းထုပ်ပိုး အတ္တမဲ့ လမ်းပေါ် တက်လျှောက် ကြည့်တယ် နင်းချမိလိုက်တာ လိုချင်တပ်မက်မှုတွေ အပြုံလိုက် အတစ်လိုက် . . . " ကျွန်တော် ဘယ်လောက်ပဲ စိတ်လျှော့လျှော့ အချိန်တိုင်း သူကို့ ပိုင်ဆိုင်ချင်နေမိတယ် . . . ကျွန်တော်လွန်မှန်းသိပေမဲ့ ကျွန်တော် မလွန်အောင် မနေတတ်ခဲ့ဘူးချစ်သူရေ အဲဒီတစ်ခုတော့ သည်းခံပေးပါနော် . . . . ဒီတော့ သူက ကျွန်တော့်ဘ၀မှာ ချစ်ခင်မြတ်နိုး ရဆုံးသော မိန်းမသားတစ်ဦးပါပဲ . . . . . .

သူငယ်ချင်း မိုးခါး . . . .

နာမည်နဲ့ လိုက်တယ် တစ်ခါတစ်လေ သူနဲ့ ပြောရတာ တော်တော်ခါးတယ် . . . . ဟိဟိ စတာနော် သူငယ်ချင်း . . . . သူနဲ့ ကျွန်တော် သူငယ်ချင်းဖြစ်လာတာ ပထမနှစ်ကတည်းကဆိုတော့ ၆ နှစ်လောက်တော့ ရှိတော့မယ်. . . ဖော်ရွေတယ် ခင်တတ်တယ် ပျော်တတ်တယ် ဟန်ဆောင်ရတာ မုန်းတဲ့သူ ကျောင်းတက်တုန်းကဆို တစ်ခုခုဆို သူမျက်နှာပျက်သွားတာ သိသာတတ်တယ် ဒါပေမဲ့ စလုံးသွားပြီးနောက်ပိုင်း သူ မျက်နှာက တစ်ခုခု ဖြစ်ရင် ဘာမှမဖြစ်သလို နေတတ်လာတယ် . . . မျက်နှာကနေတတ်လာပေမဲ့ သူမလုပ်ချင် မပြောချင်တဲ့ ကိစ္စတွေဆို ပြန်လှည့်မကြည့်တော့တဲ့ သူ . . . . သူက မအားတာများတယ်ဗျာ သူကို ဖမ်းရတာ ကျားမှီးဆွဲရ တာထက်ခက်တယ် . . . . ကျွန်တော် သူ့ကို လိုက်ရှာချင်ရင် ဘယ်မှာလိုက်ရှာရမှန်း မသိဘူး တစ်ခါတစ်လေ . . . . မအားမှာဆိုးလို့ မခေါ်ဖြစ်ဘူး . . . အမှန်တော့ မအားချင်ဟန်ဆောင်မှန်းသိတယ် ဟဲဟဲ ဒီတော့ ကျွန်တော်လဲ မသိချင်ဟန်လေး ဆောင်ပေးရတာပေါ့ . . . တစ်ခါတစ်လေ တော့လည်း စိတ်လိုလက်ရ လာခေါ်တယ် အဲလိုအခါမျိုးမှ သူနဲ့ ကျွန်တော်ပြောဖြစ်ကြတယ် . . . ဒါကလဲ သူစိတ်ကောင်းဝင်နေတုန်း အချိန်လေး . . အဲလိုအချိန်ရခဲပါတယ် ဟဲဟဲ . . . တကယ်ပါ တကယ် . . . ခင်ဖို့အရမ်းကောင်းတယ် စလုံးကသူတွေ သိမှာပါ . . . . သူနဲ့ ကျွန်တော်ကြားမှာ စကားလုံးတစ်လုံး လုံးဝပျောက်နေတယ်ဗျ သူလဲ မပြောသလို ကျွန်တော်လဲ မပြော ဖြစ်ဘူး . . . ဒီလိုနဲ့ ကျွန်တော်နဲ့ သူ တော်တော်လေး ခင်မင်ခဲ့ကြတာပါပဲ . . . . ခုလဲ သူ့ကို မတွေ့ရတာ တစ်လလောက်ရှိတော့မယ် အွန်လိုင်းမှာ ဘယ်ပျောက်လို့ ဘယ်ရောက်နေမှန်းမသိဘူး . . သူက ကျွန်တော်ဘ၀မှ အခင်မင်ရဆုံးသော သူငယ်ချင်း မိန်းမသား တစ်ဦးပါပဲ . . . . . .

ညီမလေး  ပျိုခေတ်. . . .

ကျွန်တော်နဲ့ ခင်တာ ဘယ်လောက်မှမကြာသေးဘူး နှစ်နှစ်လောက်ပဲရှိဦးမယ် . . .နာမည်က ပျိုခေတ် . . . အသက်က ကျွန်တော်ထက် သုံးနှစ်လောက်ငယ်တယ်. . . ကျွန်တော်ကို အကိုအရင်း တစ်ယောက်လို ခင်ခဲ့သလို ညီမ မရှိတဲ့ ကျွန်တော့်အတွက် ညီမ အရင်းလို အားကိုးလို့ ရခဲ့တယ် . . . ဘာပဲ လုပ်ခိုင်းလုပ်ခိုင်း လုပ်ပေးရှာပါတယ် . . . လူမှုရေးကိစ္စတွေမှာ သူကို ကျွန်တော် အများဆုံးတိုင်ပင်ဖြစ်ခဲ့တယ် . . . . စိတ်ရင်းကောင်းသလို ကူညီတတ်တယ် . . . အသက်သာ ဘယ်လောက်မှမရှိသေးတာ လူက အပျိုကြီး စတိုင်နဲ့ . . . အယ် တကယ်လဲ လူကြီးတစ်ယောက်လို တိုင်ပင်လို့ ရခဲ့တယ်ဗျ . . . . အခု ပြည်ပ ရောက်နေတာတောင် တစ်ခုခုဆို ပျိုခေတ်ရေ ငါ့ကို ဒါလေး ရှာပေးပါဦး ဟိုဟာလေး ရှာပေးပါဦး ဆိုပြီး ကျွန်တော် ခိုင်းနေသေးတယ် . . . ဒါလည်း သူလုပ်ပေးရှာတယ် မရရအောင် . . . ဒါကြောင့် သူ့ကို ညီမ အရင်းတစ်ယောက်လို ခင်မိခဲ့ပါတယ် . . . . သူဟာ ကျွန်တော့်ဘ၀မှာ ညီမအရင်းလို ခင်မင်ရတဲ့ မိန်းမသား တစ်ဦးပါပဲ . . . . .

မမကြီး မေလေး . . .

ခင်မင်ခဲ့တာ ဘယ်လောက်မှမကြာသေးပါဘူး အလွန်ဆုံးဖြစ်မှ ကိုးလ ဆယ်လလောက်ပဲ ရှိဦးမယ် . . . . ဒါပေမဲ့ သူရဲ့ ပွင့်လင်းမှု ခင်မင်တတ်မှု ကူညီတတ်မှု တွေက ကျွန်တော်ကို အမတစ်ယောက်လို သူငယ်ချင်း တစ်ယောက်လိုခင်မင်စေခဲ့တယ် . . . . သူ့မျက်နှာကို ကျွန်တော် မမြင်ဖူးဘူး သူ့အသံ ကျွန်တော် မကြားဖူးဘူး ဒါပေမဲ့ သူ့စိတ်ဓာတ်လေးကို ကျွန်တော် သိခဲ့ရတယ်. . . .  ကျွန်တော့် အမအရင်း ထက်တောင် မှ သူ့ကို ကျွန်တော် အစစ အရာရာ တိုင်ပင်ခဲ့တယ် . . . သူလဲ အမအရင်း တစ်ယောက်လို ကျွန်တော်အပေါ် အကူအညီတွေ အများကြီးပေးခဲ့တယ်ဗျ . . . . ကျွန်တော် ပြည်ပ ရောက်ခါစ တော်တော်လေး စိတ်ညစ်ရတယ် အလုပ်ထဲမှာ အဲဒီအချိန် သူကျွန်တော်ကို အများကြီး ကူညီခဲ့တယ် စိတ်ဓာတ် ရေးရာပိုင်းမှာ သူ့အကူအညီ အများကြီးရခဲ့တယ် . . . တစ်ခါတစ်လေ ကျွန်တော် စလုံးမလာဖြစ်တာကို အရမ်းဒေါသထွတ်တယ်ဗျာ မိုးခါး စလုံးထွတ်ခါနီးတုန်းက ကျွန်တော်တို့ကိုခေါ်တယ် သူနဲ့ သင်တန်းလိုက်တက် ပြီးရင်  စလုံးလစ်မယ်လို့ ကျွန်တော်တို့ကို ပြောတုန်းက အပျင်းတစ်ပြီး ကျွန်တော် လိုက်မတက်ခဲ့ဘူး အဲဒီတုန်းကလိုက်တက်ခဲ့ရင်ပြီးသား . . အခုဆို မေလေးချက်တဲ့ ဟင်းတွေ တစ်ဖြဲနှစ်ဖြဲ စားရနေလောက်ပြီးဗျ ကျွန်တော်က မော်လမြိုင်သား ဆိုတော့ အစားနဲ့ ပက်သက်လို့က ဟဲဟဲ ပြောမနေနဲ့ အကုန်လာထား စားလို့ကောင်းလို့က ကြိတ်ပြီးသားပဲ . . . ခုတော့ အဝေးကနေပဲ မမ မေလေးချက်တဲ့ ဟင်းတွေ အွန်လိုင်းမှာပဲ မစားရ အညှော်ခံနေတယ်လေ ။ သူလဲ ကျွန်တော့်အတွက် စလုံးကနေ ချက်ပြီးတော့ ပို့ရှာပါတယ် ဒါပေမဲ့ စလုံးစာပို့ဌာနက မြန်မာပြည်လောက်တောင် မကောင်းလို့လားမသိဘူး ဟင်းတွေ ပို့လို့ရဘူးတဲ့ဗျာ . . . သွားပြန်ပြီးပေါ့လို့ ဆွေးလိုက်ရသေးတယ်ဗျာ . . . . ဒါကြောင့် သူလဲ ကျွန်တော့်ဘ၀မှာအမ တစ်ဦးလို ခင်မင်ခဲ့ရသော မိန်းမသား တစ်ဦးပါပဲ . . . . .


ကဲ ကျွန်တော်ပြောလို့ ကုန်ပြီး . . . . ဒီတော့ ကျွန်တော့် လို ခင်မင်တဲ့သူငယ်ချင်း မောင်နှမရှိသူများအတွက် ကျွန်တော် ဆက်ပြီး တဂ် လိုက်ပါ့မယ် . . . . မိန်းကလေးဆိုရင် ယောက်ကျာလေးအကြောင်း ရေးပေးပါ . . . ယောက်ကျာလေးဆိုရင် မိန်းကလေး အကြောင်း ရေးပေးပါနော့ . . . .

မိုးခါး ၊ မေလေး ၊ မမကောင်းကင်ပြာ ၊ ဂျပန်ကောင်လေး ၊ မိုးကုတ်သား ၊ မြရေလျဉ် ၊ တောင်ပေါ်သား ၊ ကိုရီနိမာန် ၊ နွေးနေခြည် ၊ ရေတမာ ၊ ကိုဖိုးစိန် ၊ ဇူး ၊ မက်မက် ၊ မမကြယ်ပြာ ၊ ဏီကင်း ၊ ဆောင်ချမ်းမိုး ၊ ဒဏ္ဍာရီ

ရေးပြီးရင် အကြောင်းပြန်ကြားပေးကြပါဦးနော် . . . .





တလက်လက် လှိုင်းခတ်နေတဲ့ အလွမ်းအိမ်မက်

Published by ဗညားရှိန် under on Monday, December 21, 2009
.


လမိုက်ညထဲ အိပ်ရာဝင်သွားတဲ့ လရိပ်
တစ်စွန်းတစ်စ မြင်ချင်တဲ့  စိတ်အတွေးတွေနဲ့
ကြယ်ကတဲ့ တာရာအပေါ် မျှော်လင့်ချက်ကို အမြင့်ဆုံးချိတ်တင်
ကြွေကျလာတဲ့ အလွမ်းအစအနတွေကို နှလုံးကြိုးနဲ့ ကျစ်သီလို့
မဖြစ်နိုင်မှန်းသိရက်နဲ့လည်း ကြယ်ကြွေတိုင်း ဆုတောင်းနေမိတယ် . . . . .

ရင်ကို ဆွဲဆွဲ ချည်တဲ့မျက်လုံးတွေနဲ့
ငါ့အိမ်မက်ကို အကြိမ်ကြိမ်ဖွင့်ဖောက်
ခပ်ဖူးဖူး ပန်းရောင် နှုတ်ခမ်းက ထွတ်ကျလာတဲ့
မရိုးအီတဲ့ စကားလုံး တေးသံတွေနဲ့
ငါ့အိမ်မက်ထဲမှာပဲ အိမ်မက်တွေကို နှင်းကျစေခဲ့သူ . . . . .
                                                                                                                                                                                                                                                                                                                                                                                                                                                                                                          ငါ့လက်ရာနဲ့ ငါရေးတဲ့ ဘ၀ပုရပိုဒ်မှာ
မင်းက ငါ့လက်ထဲက ကညစ်
ငါ့အနာဂတ်စာမျက်နှာတွေ ဗလာမကျင်းသွားအောင်
ငါချန်ထားခဲ့လို့ မဖြစ်သလို
ငါ့လက်ထဲကလည်း နတ်ဖွက်ခံရလို့မဖြစ်ဘူး . . . . .

ကံကြမ္မာက ကြည်စားနေတာလား
လောကဓံကပဲ စမ်းသပ်နေတာလား
ကမ္ဘာတစ်ခြမ်းစီကွဲနေတဲ့ တို့နှစ်ယောက်
ခဏတာ ဆုံနိုင်ခွင့်ရဖို့တောင် ကံတရားက
ထစ်ချုန်းမိုး ရွာနေခဲ့တယ်

ကောင်မလေးရေ . . . . . .
မင်းကိုတွေ့ချင်တဲ့ စိတ်တွေနဲ့ ရူးရလွန်းလို့
ငါ့ရင်ဘတ်မှာ အလွမ်းတွေတလက်လက် လှိုင်းခတ်နေခဲ့ရပြီကွာ . . . . .

ဗညားရှိန် ( 21.12.09 , 12:53 AM )



ကဗျာတွေထဲ တိမ်တွေ သေနေတယ်

Published by ဗညားရှိန် under on Friday, November 27, 2009
.



" အလွမ်း " . .
ဒီဘာသာဗေဒမှာ
ငါ စာမတတ်ချင်ပဲ တတ်ခဲ့ရသူ
မဖတ်ချင်ပဲ ဖတ်ခဲ့ရသူ . . . . .

အသည်းမကွဲဘူး . .
မကြေကွဲသေးဘူး . .
ရင်ဘတ်ကြီး နည်းနည်းတော့
ပွင့်ထွတ်နေတယ်  . . . . .

အမှောင်ရာသီရဲ့ ထောင့်စွန်းက
အရောင်မွဲနေတဲ့ ကြယ်တစ်လုံး
မင်းနက္ခတ်အောက်မှာ တောက်ပနေတယ်

ပြိုးပြက်တဲ့ အရောင်တွေ ပြန်မှိန်သွားမှာ
ငါ့ရာဇ၀င်တွေ မကြောက်ရွံ့ခဲ့ဘူး
အပျင်းပြေ ကစားပြီး ချန်ထားခံရမှာ
ငါဝိဥာဉ်တွေ ကြောက်ရွံ့နေတယ်
အမှောင်တွေ ငိုတဲ့  ညတွေမှာ
ငါ့ကို ပြန်မထားခဲ့ပါနဲ့ . . . . .

ငါပိုင်ခဲ့ဖူးတဲ့ တနင်္ဂနွေ သတို့သမီး
ပထမမြောက် ရဲရင့်ခြင်းတွေနဲ့
ငါ့နှလုံးအိမ်ထဲ မင်းကို ဆွဲထည့်
သိမ်းဝှက်ထားခဲ့ဖူးတယ်
ဗီးနပ်ရဲ့ နက္ခတ်တွေ အကြိမ်ကြိမ်ပွင့်
ကြယ်စုံခတဲ့ ညတွေမှာ
ပထမမြောက် ကြေကွဲခြင်းနဲ့
ငါ့ကောင်းကင်မှာ တိမ်တွေ မသေပါရစေနဲ့ . . . . .

ငှက်တစ်ကောင် အတောင်ပံခတ်တာတောင်
ငါ့ရင်မှာ ကကွက်ဆန်ဆန် . .
မင်းမရှိတဲ့ မနက်ဖြန်တွေမှာ
ငါ့ကဗျာတွေထဲ
တိမ်တွေ သေတာ ဆန်းသလားကွယ် . . . . .


ဗညားရှိန် ( 27.11.09 , 11:04 AM )

@@@@@@@@@@@@@@@@@@@@@@@@@@@@@@


ဗီးနပ်စ်ရဲ့ကြယ်စုံခ ညတွေမှာ
ကဗျာထဲ တိမ်တွေသေခဲ့တာ
သိမ်းဝှက်ထားတဲ့ နှလုံးအိမ်မှာ
ရဲရင်ခြင်းနဲ့ ကြေကွဲခဲ့ဖူးတာ
အရောင်မွဲနေတဲ့ ကြယ်တစ်လုံးရဲ့ထောင့်စွန်းမှာ
အမှောင်တွေ ကြောက်ရွံ့နေခဲ့မိတာ
တနင်္ဂနွေသတို့သမီးရယ်
အပျင်းပြေရုံကစား ချန်မထားခဲ့ပါနဲ့
မင်းမရှိတဲ့ မနက်ဖြန်ဟာ
အလွမ်းရဲ့ မာတိကာဖြစ်သွားနိုင်လို့ပါ ။ ။

မိုးမြင့်တိမ်

( ကိုမိုးမြင့်ရဲ့ မန့်ခဲ့ပေးတဲ ကဗျာလေးပါဗျာ ၊ ကျွန်တော့် ကဗျာလေးထဲက စာသားတွေကိုပဲ ကဗျာ ပြန်ဖွဲ့ခဲ့ပေမဲ့ ကျွန်တော် နှစ်သက် လွန်းလို့  ပြန်တင်ထားခဲ့ ပါတယ်ဗျာ )

”ကဗျာကမ်းနဖူးမှာ ယဉ်ယဉ်လေးရူးနေတဲ့ အလွမ်းရူး”

Published by ဗညားရှိန် under on Monday, November 23, 2009
 .
အမြဲရွဲ့နေတဲ့ကောင်
ဘယ်သူ့စကားမှလည်း နားမထောင်ချင်ဘူး..

အမြဲစောင်းနေတဲ့ကောင်
ဘယ်သူအချိုးချချ
ကိုယ်က တည့်တည့်နေမပြချင်ဘူး…

ဘယ်ခွက်ထဲထည့်ထည့်
ကိုယ့်ပုံစံကလွဲပြီး ဘယ်ပုံစံမှမထွက်ဘူး
ဘယ်ပေတံနဲ့တိုင်းတိုင်း
ကိုယ်က ခပ်ရိုင်းရိုင်းပဲ ယဉ်ကျေးတတ်တယ်….

အရာရာကို
အကောင်းမြင်ဝါဒနဲ့ ကြည့်နိုင်ဖို့အတွက်
နဲနဲတော့ ခက်နေသေးတယ်
တချို့အရာတွေကို
အဆိုးမြင်ဝါဒနဲ့ ကြည့်နိုင်ဖို့အတွက်
နဲနဲတော့ လွယ်ကူခဲ့တယ်….

ဘယ်သူသဘောတူတူ မတူတူ
ကိုယ့်အယူနဲ့ကိုယ် ကွဲလွဲစွာနေထိုင်တယ်
လွဲမှားတယ်ပဲပြောပြော
ကိုယ့်သဘောနဲ့ကိုယ်
ဘဝကို ဂျစ်ပစီတကောင်လိုကျင့်ခဲ့ပြီး
စိတ်တွေကို ဂျစ်ပစီတကောင်လိုလွှင့်ခဲ့တယ်….

ဟန်ဆောင်နေရမှ
အချိုးလှနေတတ်တဲ့ လူ့အသိုင်းအဝိုင်းထဲမှာ
ကိုယ်က အရိုင်းကျောက်ခဲတလုံး
ဘယ်သူသုံးသုံး မသုံးသုံး
ကိုယ့်နှလုံးနဲ့ကိုယ် ကိုယ့်ထုံးကိုယ်မူတယ်….

လူရယ်လို့ဖြစ်လာကတည်းက
ကိုယ်က အားနည်းတဲ့ဘက်မှာ နေသားကျခဲ့တယ်
လက်ဖဝါးနှစ်ဖက်နဲ့ ရုံပွဲမကြည့်တတ်ပေမယ့်
နှလုံးသားတစုံနဲ့တော့
အားနည်းသူကို ဝိုင်းကူရင်ခုန်ပေးတတ်ခဲ့ပါတယ်…

ဘာရယ်မဟုတ်ပါဘူး
လူတိုင်းသုံးဖူးတဲ့ လက်သုံးစကား
လူတိုင်းလည်း ကြားဖူးမှာပေါ့
လူတိုင်း တယောက်တနေရာ
သူ့အထာနဲ့သူ ရူးသွပ်နေကြတယ်ဆိုတာ…....

ဒီတော့
ကိုယ်လည်း ကိုယ့်ရုးသွပ်မှုနဲ့ကိုယ်
ကိုယ့်မာနအိုအိုတွေအပေါ် တွဲခိုနေပျော်ရုံလောက်ပါ
တချို့တဏှာရူး တချို့အချစ်ရူး
တချို့အာဏာရူး တချို့ဥစ္စာရူး
တချို့ဘဝင်ရူး တချို့….ရူး
တဒေါင့်တနေရာစီရူးနေကြတဲ့ အရူးလောကမှာ
ကိုယ်က တမျိုးတဘာသာ ခပ်ဆန်းဆန်း
ကိုယ့်အမြင်ခပ်ကြမ်းကြမ်းတွေပေါ်မှာ
တစုံတရာကို ယဉ်ယဉ်လေး လွမ်းနေတတ်တဲ့ကောင်
ကဗျာကမ်းနဖူးမှာ တောင်တောင်မြောက်မြောက်တွေးရင်း
ယဉ်ယဉ်လေးရူးနေတဲ့ အလွမ်းရူး…………………………….။


ရေးသူ ။ ။ ဆောင်းယွန်းလ ( http://saungyunela.blogspot.com/ )


ဒီကဗျာလေးက ကျွန်တော်ရဲ့ အကျင့်စရိုက်နဲ့ စိတ်နေစိတ်ထားကအစ တော်တော်ထပ်တူကျနေတဲ့ ကဗျာလေးမို့ ကျွန်တော် နှစ်သက်စွာ ကူးယူထားမိပါတယ် ။ အစက ဆိုဒ်ဘားမှာ တင်ထားမလို့ ကိုဆောင်းယွန်းကို ခွင့်တောင်းထား ခဲ့ပြီးပေမဲ့ Template ပြင်တိုင်း ဆိုဒ်ဘားက လင့်တွေရော စာတွေပါ ပျောက်ပျောက်သွားလို့ အခု ဘလော့ပို့စ် ထဲမှာပဲ ကျွန်တော်နှစ်သက်သောကဗျာများ ဆိုတဲ့ ခေါင်းစဉ်အောက်မှပဲ ထည့်သွင်းထားခဲ့ ပါတယ် ။



အရူးရင့်စိတ်

Published by ဗညားရှိန် under on Wednesday, November 18, 2009
.



အသဲကွဲ ကဗျာတစ်ပုဒ် ရေထဲ ပြုတ်ကျသွားတယ်
ကောက်ယူမယ့် လက်တွေအနောက် စိတ်တွေ ပါမသွားဘူး
မျောသွားတဲ့ အရာဝတ္တုကို သစ်ရွတ် တစ်ရွတ်လို တွေး ငေး ကြည့်
အေးစက်ထုံကျင် လက်တွေ ၊ သွေးမဲ့ မျက်နှာ ၊ စိတ်မရှိတဲ့ ကိုယ်
အရာရာဟာ လေးလံတုံ့ဆိုင်း ငါ့စိတ်ထဲမှာ ငါ့ကိုယ်က ပျောက်ဆုံးနေတယ် . . .

သူသီသွားတဲ့ စကားလုံးအစအနတွေ
နားထဲ ဘောင်ဘင်ရိုက်ခတ် နှလုံးသားထဲပါ ဖောက်ထွင်း
ဘယ်န၀င်ပီယံသီချင်းမှ ငါ့ရင်ဘတ်ထဲ ပြေးမ၀င်လာနိုင်ခဲ့ဘူး
စိတ်တွေ . .
ရှာမတွေ့တော့တဲ့သူတစ်ယောက် အနောက်
လမ်းပျောက်နေတဲ့ တိမ်တွေလို ကစဥ့်ကလျှား လွင့်ဝေးပြေးလိုက် . . .

ရယူပိုင်ဆိုင်လိုတဲ့ စိတ်တွေ ခေါက်သိမ်းထုပ်ပိုး
အတ္တမဲ့ လမ်းပေါ် တက်လျှောက် ကြည့်တယ်
နင်းချမိလိုက်တာ လိုချင်တပ်မက်မှုတွေ အပြုံလိုက် အတစ်လိုက် . . .
ချစ်သူ . . . . .
ရယူပိုင်ဆိုင်လိုတဲ့ စိတ်တွေအနောက်မှာ
ငါဟာ နေမြင့်လေ အရူးရင့်လေ ဖြစ်ခဲ့ရပြီး . . .


ဗညားရှိန် ( 18.11.09 , 00:15 AM )
.

တနင်္ဂနွေ သတို့သမီး

Published by ဗညားရှိန် under on Monday, November 09, 2009
.




အပြုံးတစ်ချက်က
နတ်ပန်းချီတစ်ချပ်လို
စုတ်ချက်ပြင်းတယ်
ညဖွက်တဲ့ နတ်သမီးကကွက်တွေနဲ့
ငါ့ရင်ကိုခွင်း
ဆွေးအောင်  မင်း တေးသီတယ် . . . . .

ငါ့စိတ်ထဲက တနင်္ဂနွေ သတို့သမီး
ဝေးကွာခြင်းရဲ့ နောက်မှာ
တစ်ကောက်ကောက် လိုက်နေတဲ့
သွေးအေးစိတ်တွေ
မင်းကို လှည့်စား
ကံဇာတ်ဆရာ
ဇာတ်ညွန်း ပြောင်းရေးမှာကို
ငါ အကြောက်ဆုံးပဲ . . . . .

စိတ်ထဲက ကဗျာတွေ
ရေးချလိုက်တယ်
ရေးချလိုက်တဲ့  ကဗျာတွေထဲ
စိတ်တွေ ပါမသွားခဲ့ဘူး
ငါ့စိတ်တွေ ငါ ပြန်ဖမ်းလို့ မမိတော့ဘူး . . . . .

ကန်ဘောင်ရှေ့က ကော်ဖီဆိုင်ကိုလွမ်းတယ် . .
မြို့မကျောင်းလမ်းကို လွမ်းတယ် . .
ကျောင်းလမ်း မှတ်တိုင်ကို လွမ်းတယ် . .
ကောက်ရိုးနွယ်ကို လွမ်းတယ် . .
နောက်ဆုံး မင်းရဲ့ အရိပ်လေးကိုတောင် ငါလွမ်းတယ် . . . . .

အိမ်မက်ညတွေ
ငါ့စိတ်ကို ဆွဲဆွဲချ
အိမ်မရတဲ့ အလွမ်းညတွေနဲ့အတူ
ငါလည်း ကော်ဖီ ထိုင်သောက်တတ်ခဲ့ပြီ  . . . . .

ဗညားရှိန် ( 09.11.09 , 7:09 AM )

 

Lipsum

အကယ်၍သာ မြတ်ဗုဒွသည်
လူရွာထင်ရှား မပွင့်ငြားက
ဤကာ ကုသိုလ် အကုသိုလ်ဟု
ထိုထို ဘုံဘ၀ မသိရ
များလှအပြစ်တွေ . . . . . . . . .

ဗုဒွရှင်တော် ပွင့်ထွန်းပေါ်၍
ဟော်ဖော်ညွန်ကြား မြတ်တရားကြောင့်
ဤကာ ကုသိုလ် အကုသိုလ်ဟု
ထိုထို ဘုံဘ၀ သိကြရ
များလှကျေးဇူးတွေ . . . . . . . .

အရှင်ဇာနကာဘိဝံသ
မဟာဂန္ဓာရုံဆရာတော် . . . .